ပြေးဆွဲမည့်ပုံစံ

ပြေးဆွဲမည့်ပုံစံ

ပထမအဆင့်အနေ ဖြင့် ရန်ကုန်မြို့၏ လူအများဆုံး သွားလာနေသည့် အဓိကလမ်းမကြီး (၂) ခု ဖြစ်သည့် ပြည်လမ်းနှင့် ကမ္ဘာအေးစေတီ လမ်းတို့တွင် အပေါ့စား အမြန်ဘတ်(စ်)ကားလိုင်း ပြေးဆွဲခြင်းကို ကျယ်ကျယ် ပြန့်ပြန့် ဇောက်ချဆောင်ရွက်မည် ဖြစ်သည်။

ဒုတိယအဆင့်အနေဖြင့် မူလလမ်းကြောင်းကြီး များနှင့် ချိတ်ဆက်ပြီး ရန်ကုန်မြို့၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် ချိတ်ဆက်မည့် လမ်းကြောင်း သုံးကြောင်းဖြစ်သည့်

၁။ ရန်ကုန်အနောက်ပိုင်း-လှိုင်သာယာ အဝေးပြေးစခန်းမှ ရှစ်မိုင်လမ်း ဆုံဖြတ်ပြီး အောင်မင်္ဂလာအဝေးပြေးလမ်းကြောင်း၊

၂။ ရန်ကုန်အရှေ့ပိုင်း-ဒဂုံ တက္ကသိုလ်မှ ပါရမီလမ်းကြောင်းအထိ လမ်း ကြောင်း၊

၃။ ရန်ကုန်တောင်ပိုင်း-သီလဝါစက်မှုဇုံမှ ဗိုလ်တထောင် ဘုရားလမ်းကြောင်းတို့ကို ပြေးဆွဲရန် ဖြစ်သည်။

အနည်း ဆုံး (၂) နှစ် အတွက် ပထမအဆင့်လမ်းကြောင်း (၂) ကြောင်းကိုသာ အဓိကပြေးဆွဲ မည်ဖြစ်ပြီး၊ ဒုတိယအဆင့်ကိုမူ (၂) နှစ်ကျော်မှသာ ပြေးဆွဲမည်ဖြစ်ပါသည်။ ရန်ကုန်ဘတ်(စ်)ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အနေဖြင့် ခရီးသွားပြည်သူများအား ဘေးကင်းလုံခြုံစိတ်ချ ရမှု၊ သက်တောင့်သက်သာရှိမှုနှင့် လိုရာခရီးသို့ အမြန်ရောက် ရှိစေမှု စသည် တို့ကို အလေးထားဆောင်ရွက် မည်ဖြစ်သလို ဘတ်(စ်)ကားကိုလည်း အများပြည်သူတတ်နိုင်သည့် နှုန်းထား ဖြစ်စေရန် လုပ်ဆောင်မည် ဖြစ်သည်။ ခရီးသည်များအတွက် ဘေးကင်းလုံခြုံမှုအပြည့်အဝ ပေးနိုင်ရန်အတွက် လက်ဝဲမောင်း ၂၀၁၅-၂၀၁၆ ခုနှစ် ခေတ်မှီမော်တော်ကားသစ်များဖြင့် ပြေးဆွဲမည်ဖြစ်ပြီး၊ နိုင်ငံတကာကဲ့သို့ အတက်အဆင်း လွယ်ကူသည့် City Bus ကြမ်းပြင်နိမ့်ကားများဖြစ်သည့်အပြင် အပြည့်အဝ လေအေးပေးစက်များ သုံးစွဲမည် ဖြစ်သလို Any Pay card နှင့် လက်မှတ်စနစ် အသုံးပြုမည်ဖြစ်ပြီး ယာဉ်မောင်းကိုလည်း လုံလောက်သည့် လခပေးခြင်းဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအပြည့်အဝ လိုက်နာစေမည် ဖြစ်ပြီး သတ်မှတ်ထားသည့် လမ်းကြောင်း အတွင်းသာ စည်းကမ်းတကျမောင်းနှင်မည်ဖြစ်သည်။ ဘတ်(စ်)ကား များ၏မှတ်တိုင်များအကြားသတ်မှတ်ချိန်အတွင်းရောက်ရှိရန်နှင့် ရပ်နားချိန်အတိအကျ သတ်မှတ်ကာ ခရီးသည်အတင်အချပြုလုပ်မည်ဖြစ်ပြီး မှတ်တိုင်မှလွဲ၍ အခြားမည်သည့် နေရာ များတွင် ခရီးသည် အတင်အချ ပြုလုပ်မည်မဟုတ်ပါ။ သွားလာလှုပ်ရှားမှုကို CCTV များ၊ G.P.S စနစ်များသုံး၍ control room မှ ကွန်ပျူတာ (၁၀) လုံးဖြင့် ထိန်းကျောင်းမည် ဖြစ်သည်။ အမြန်လမ်းဖြစ်၍ ဘတ်စကားမှတ်တိုင် အသစ်များ တည်ဆောက် သွားမည်ဖြစ်ပြီး လက်မှတ်ရုံ နှင့် LED ဘုတ်ဖြင့် အသိပေးစနစ် လုပ်ဆောင်သွားမည် ဖြစ်သည်။ ဘတ်(စ်) ကားများကို ထောက်ကြန့်လမ်းမကြီးဘေးရှိ ဧရိယာ (၂၃) ဧက ကျယ်ဝန်းသည့်နေရာတွင် ထားရှိမည်ဖြစ်ပြီး၊ ရုံးခန်းများနှင့် ကားများ ပြင်ဆင် နိုင်သည့် workshop အလုပ်ရုံကိုပါ တည်ဆောက်မည်ဖြစ်သည်။

အဆင့် (၁) ၊ Phase (I) တွင် ပါဝင်သည့်လမ်းကြောင်း နှစ်ကြောင်းဖြစ်သည့် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတို့တွင် ပြေးဆွဲမည်ဖြစ်ပြီး၊ ပြည်လမ်းတွင် ဘတ်(စ်)ကားစီးရေ (၃၅) စီး၊ ကမ္ဘာအေးဘုရားလမ်းတွင် (၃၀) စီးဖြင့်စတင် မည်ဖြစ်သည်။ ကားပြေးဆွဲမည့် အချိန်မှာ နံနက် (၀၆:၃၀) မှ ည (၇:၀၀) နာရီအထိဖြစ်ပြီး၊ ဘတ်စ်ကား တစ်စီး လျှင်အသွားအပြန် (၄) ခေါက်ပြေးဆွဲမည်ဖြစ်ပြီးယာဉ်စီးခကိုလည်းလက်ရှိပြေးဆွဲနေသည့် ယာဉ်စီးခများ သိပ်ကွာခြားမှု မရှိစေဘဲ စီမံခန့်ခွဲမှု လွယ်ကူစေရန် ပုံသေနှုန်း ကျပ် (၃၀၀) ဖြင့် စတင်ရန် ရည်ရွယ်ပါသည်။

အမြန်ဘတ်(စ်)ကား ရပ်နားမည့် မှတ်တိုင်များမှာ လမ်းဆုံများနှင့်ခရီးသည်အများဆုံးရှိသည့် နေရာများ ဖြစ်ပါသည်။ ထောက်ကြန့်မှ ပြည်လမ်းအတိုင်း (၈) မိုင်လမ်းဆုံအထိ လျာထားသည့် ဘတ်(စ်)ကားမှတ်တိုင်များမှာ ထောက်ကြန့်လမ်းဆုံ၊ နွယ်ခွေ၊ ဘိုခြံ၊ ဝါယာလက်၊ ခရေပင်၊ စော်ဘွားကြီး ကုန်းနှင့် ရှစ်မိုင်မှတ်တိုင်၊ လှည်းတန်း၊ မြေနီကုန်း၊ ပြည်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံမှတ်တိုင်၊ ဗိုလ်ချုပ် လမ်းနှင့်ဆူးလေလမ်းဆုံမှတ်တိုင် စုစုပေါင်း (၁၁) ခုရှိမည်ဖြစ်သည်။ ထို့အတူ ကမ္ဘာအေးလမ်းတလျှောက် အမြန်ဘတ်(စ်)ကား မှတ်တိုင်များမှာ နဝဒေး၊ ချော်တွင်းကုန်း၊ ကုက္ကိုင်း၊ ရွှေဂုံတိုင်၊ ဗဟန်း (၃) လမ်း (ရေခဲဆိုင်) မှတ်တိုင်၊ ဗိုလ်ချုပ်လမ်းနှင့် ပန်းဆိုးတန်းလမ်းဆုံမှတ်တိုင်၊ ဗိုလ်ချုပ် လမ်းနှင့်ဗိုလ်တထောင် ဘုရားလမ်းဆုံမှတ်တိုင်၊ ကမ်းနားလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းဆုံမှတ်တိုင်၊ ကမ်းနား လမ်းနှင့် ဆူးလေလမ်းဆုံမှတ်တိုင်၊ ကမ်းနားလမ်းနှင့်ဘုန်ကြီးလမ်း လမ်းဆုံမှတ်တိုင် စုစုပေါင်း (၁၀) ခုရှိမည် ဖြစ်သည်။ မှတ်တိုင်များ တည်ဆောက်ရာတွင် အတွင်းသို့ “ဂ” ပုံသဏ္ဍာန်ဝိုက်၍ တည်ဆောက်ထား သောကြောင့် မူလလမ်း ကြောင်း သွားလာမှုကို မထိခိုက်စေရန်စီမံထားပါသည်။